Wednesday, August 17, 2011

 မြိတ်ကျွန်းစု ၀န်းကျင်၌ ရေပေါ်လှေပေါ်တွင် နေထိုင် အသက်မွေးကြသော ဆလုံ တိုင်းရင်းသားများ လူဦးရေ လျော့နည်းကျဆင်း



မြိတ်ကျွန်းစုဝန်းကျင်၌နေထိုင်လေ့ရှိကြပြီး ရေပေါ်လှေပေါ်တွင် နေထိုင် အသက်မွေးကြသော ဆလုံတိုင်းရင်းသားများသည် ယခု အခါတွင် လူဦးရေ လျော့ကျလာကြောင်း တွေ့ရှိခဲ့သည်ဟု သတင်း ရရှိပါသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်ကျွန်းစုများသည် ကျွန်းပေါင်း ၈၀၀ ၀န်းကျင်ဖြင့် ဖွဲ့စည်းတည်ရှိနေပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးသော မပျက်မစီး တည်ရှိနေသည့် ကျွန်းစုများ ဖြစ်ကြသည်။ ယင်းကျွန်းစုတစ်ဝိုက်တွင် ဆလုံတိုင်းရင်းသားများ နေထိုင်သော ရွာငယ်လေးများ တည်ရှိကြကာ ဆလုံတိုင်းရင်းသားများ လူဦးရေ လျော့နည်းကျဆင်းမှုကို တွေ့ရှိလာရကြောင်း WCS Myanmar Program မှ ဦးအောင်မျိုးချစ်က ပြောကြားသည်။

''ဆလုံတွေက သူတို့ကို ဆလုံ လို့ခေါ်ရင် မကြိုက်ကြပါဘူး။ မော်ကင်းလို့ပဲ သုံးနှုန်းရပါတယ်။ မော်ကင်းတွေဟာ လှေခုနစ်စီး၊ ရှစ်စီးရှိရင် ရွာတစ်ရွာ ဖြစ်ပါတယ်။ သာမန် ကြည့်ရင်တော့ လှေတွေလို့ပဲ မြင်မှာ ဖြစ်ပေမယ့် သူတို့အတွက်တော့ အိမ်ပါ''ဟု ဦးအောင်မျိုးချစ်က ပြောပြသည်။

ဆလုံ တိုင်းရင်းသားများသည် မြိတ်ကျွန်းစုရှိ ရွာငယ်များတွင် နေထိုင်ကြရာ၌ လူဦးရေ ၁၅၀ ခန့် ရှိနေသောရွာ ရှိသကဲ့သို့ ဦးရေ ၃၀၀ ခန့် ၀န်းကျင်ရှိနေသော ရွာလည်း ရှိသည်ဟု သိရှိရသည်။

''မော်ကင်းတွေအတွက်တော့ လှေဟာ အိမ်ပါပဲ။ သူစိမ်းတော့ နေဖို့ခက်တယ်။ သူတို့တွေက ရှက်တတ်တယ်။ လူတွေနဲ့ ဆက်ဆံဖို့ ခက်တယ်။ လူဦးရေ လျော့နည်းလာရတဲ့ အကြောင်းတွေထဲမှာ ဒီလို သီးခြား နေတတ်တာလည်း ပါနိုင်ပါတယ်'' ဟု ဦးအောင်မျိုးချစ်က ဆိုပါသည်။

''မော်ကင်းတွေကို လှေကိုကြည့်ပြီး ခွဲနိုင်တယ်။ ဒီလှေဟာ ခရုရှာတဲ့ လှေလား၊ ပိုက်နဲ့ငါးဖမ်းတဲ့လှေလား ခွဲနိုင်တယ်။ သူတို့ အလုပ်လုပ်တဲ့ အချိန်ဟာ တစ်ချိန်ပဲ။ ရေကျချိန်ဆို ရေတိမ်ရာကိုသွားတယ်။ လှေနဲ့သွားနေရင်းနဲ့ ခုန်ချတယ်။ မျော့ငုပ်ကြတယ်။ ရေအောက်ကို ၁၅ ပေ၊ ပေ ၂၀ လောက်အထိ free ငုပ်နိုင်တယ်။ ရေအောက်ကို ကျွမ်းကျင်တယ်။ ဘယ်နေရာမှာ ဂူရှိတယ်၊ လျှိုရှိတယ် သိကြတယ်။ မော်ကင်းတွေရဲ့ ခံယူချက်ကတော့ မနက်ဖြန်အတွက်ရှိရင် ဒီနေ့ အလုပ်မလုပ်ဘူး ဆိုတာပါပဲ''ဟု ဦးအောင်မျိုးချစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အချို့သော တိုင်းရင်းသားများ လူဦးရေ လျော့နည်းကျဆင်းလာခြင်းကို ကြုံတွေ့လာရပြီး တိုင်းရင်းသား အချို့မှာမူ ဓလေ့ထုံးစံများ တိမ်ကောလာခြင်း၊ သက်ဆိုင်ရာ စာပေ တတ်မြောက်သူ မရှိသလောက် နည်းပါးလာခြင်း တို့ကိုလည်း ကြုံတွေ့နေရသည်။

ဆလုံတိုင်းရင်းသားများသည် လှေပေါ်တွင် ခုနစ်လ၊ ရှစ်လ ၀န်းကျင်နေထိုင်ကြပြီး မိုးရာသီ ရောက်ရှိပါက ကျွန်းများ၌ အခြေချ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ရန်အတွက် အခမ်းအနားတစ်ရပ် ပြုလုပ်ကာ နတ်ဆရာက နေထိုင်မည့်နေရာကို တွက်ချက် ရွေးချယ်သည်ဟု သိရှိရသည်။

Source : News-Eleven

Monday, August 15, 2011

ပုဂံဒေသတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား စွဲဆောင်နိုင်သည့် ဘုရားပွဲတော်ကာလ စတင်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား အထူးစွဲဆောင်နိုင်သည့် ဘုရားပွဲတော်များ ကျင်းပသည့်ကာလ ပုဂံတွင် သြဂုတ်လဆန်းမှ စတင်ပြီ ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသ၏ ပွဲတော်လရာသီကို လောကနန္ဒာ ဘုရားပွဲတော်ဖြင့် ၀ါခေါင်လဆန်း ၈ ရက်နေ့က ရှေးအစဉ်အလာမပျက် စတင်ခဲ့ရာ ဒေသခံ ဧည့်ပရိသတ်များနှင့်အတူ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများလည်း လာရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပုဂံဒေသတွင် ထင်ရှားသော ပွဲတော်များမှာ တော်သလင်းလတွင် ကျင်းပသည့် မြင်းကပါ မနုဟာဘုရားပွဲ၊ တန်ဆောင်မုန်းလတွင် ကျင်းပသည့် ရွှေစည်းခုံ ဘုရားပွဲ၊ နတ်တော်လတွင် ကျင်းပသည့် အလိုတော်ပြည့် ဘုရားပွဲနှင့် ပြာသိုလတွင် ကျင်းပသည့် အာနန္ဒာဘုရား ပွဲတော်တို့ ဖြစ်သည်။ ယခင်နှစ် အဆိုပါ ဘုရားပွဲတော်များ ကာလအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွား စုစုပေါင်း ၅၀၅၇၉ ဦး လေဆိပ်၊ ရေဆိပ်နှင့် ကုန်းလမ်းတို့မှ ၀င်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ခရီးသွားရာသီ အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် ခရီးသွား အများအပြား ၀င်ရောက်လာမည်ဟု မျှော်လင့်ထားကြပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလများ၌ ဟိုတယ် အခန်းနှင့် ကားရရှိရန်ပင် ခက်ခဲနိုင်ကြောင်း ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါသည်။

Source : News Eleven

Saturday, August 13, 2011

ဧရာဝတီမြစ်ကြောင်း အသုံးပြုဖို့ တရုတ်ဘက်မှ ကမ်းလှမ်းလာ


တရုတ်နိုင်ငံမှ ကုန်သည်အချို့ ဗန်းမော်နားက ဧရာဝတီမြစ်ကြောင်း ပြုပြင်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တရုတ်ကုန်သည်တွေက သူတို့ ကုန်ပစ္စည်းတွေကို ဗန်းမော်ဘက်ကို ဆင်းချင်တယ်၊ ဧရာဝတီမြစ်ကို အသုံးပြုပြီး တခြားနိုင်ငံတွေကို တင်ပို့ရင် သူတို့အတွက် လမ်းကြောင်းတိုသွားမယ်၊ ဧရာဝတီမြစ်ကို အသုံးပြုဖို့ မြစ်ကြောင်းပြင်ဆင်ဖို့ ဆွေးနွေးနေကြတယ်။ MOU တော့ မထိုးရသေးဘူး လို့ ပြောပါတယ်။ ကုန်ပစ္စည်း များများတင်ပို့နိုင်ဖို့အတွက် ရေစူးမှတ်များဖို့ လိုပါတယ်။ လက်ရှိမှာ ရေစူးမှတ်က ငါးပေလောက်ပဲ ရှိတဲ့အတွက် ၁၀ ပေလောက် တူးရမှာဖြစ်တယ်လို့ သိရတယ်။ တရုတ်ကုန်သည်တွေက ဧရာဝတီမြစ်ကြောင်း အသုံးပြုခွင့်ရရင် ရေစူးမှတ်တူးဖို့ ကုန်ကျစရိတ်နဲ့ နည်းပညာပေးရမှာဖြစ်လို့ မြန်မာအတွက်လည်း အကျိုးရှိတယ်လို့ သိရတယ်။ တရုတ်နိုင်ငံမှ ကုန်သည်တွေနဲ့ ပြီးခဲ့တဲ့ လေး၊ ငါးလလောက်က နှစ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ထပ်လည်း အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်ုသွားဖို့ ရှိတယ်လို့ သိရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Source : Khit Lu Nge

Friday, August 12, 2011

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ ဧရာဝတီမြစ် ညာဘက်တွင် တည်ဆောက်နေသော ရေကာတာများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်သည်။ 

ဆည်စီမံကိန်းများကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း မြစ်ကြောင်း ပြတ်တောက်ခြင်း၊ ရေတိုက်စားမှုနှုန်း မြင့်မားခြင်း၊ ရေစီးအားနည်းခြင်း၊ စီမံကိန်း ဆောက်လုပ်ရာမှ ကျန်ရှိနိုင်သည့် ဓာတု ဓာတ်ပစ္စည်း များ ပိုမိုစုစည်းကာ ဆည်လွှတ်ရေတွင် ပါဝင်နိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း ဧရာဝတီ အတွက် ပန်ကြားချက်  အမည်ဖြင့် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြဿနာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ပါသည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် ပန်ကြားလွှာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်က မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည် ဟုလည်း သူက သတိပေးထားသည်။

ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်း တလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် ဒေသများတွင် ရေကာတာ ၈ ခု တည်ဆောက်မည် ဖြစ်ကာ အများဆုံး ၆,၀၀၀ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄၀၀ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု ဌာနဆိုင်ရာ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်း အရ မေခမြစ် အပိုင်းတွင် ရေကာတာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်ဟု ပတ်ဝန်းကျင် စောင့်ရှောက်ရေး လှုပ်ရှားသူများက ပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ဝိုင်းဝန်း ကန့်ကွက်နေသည့် ကြားမှပင် စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း - CPI တို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။

ယင်းအပြင် စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ရွာ ၆၃ ရွာနှင့် လူပေါင်း ၁၂၀၀၀ ကျော်အတွက်လည်း ပြန်လည်နေရာချထားပေးရန် လိုအပ်နေသည်။

မေခ၊ မလိခမြစ်ဆုံနှင့် ဧရာဝတီမြစ်ဆုံ၌ ရေကာတာများ ဆောက်လုပ်ရန် ရှေ့တိုး ဆောက်ရွက်နေခြင်းဟာ လူနည်းစု တိုင်းရင်းသား လူမျိုးများ၏ အမြင်ကို လျစ်လျူရှု ပစ်ပယ်ထားသည့် နောက်ဆုံး သာဓကတခု ဖြစ်တယ် ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသများ အုပ်ချုပ်ရေးမှူး  လမာဂွမ်ဖန်း (Lama Gumhpan) က မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ဖြေကြားခဲ့သည်။

မြစ်ဆုံဆည်ကြောင့် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန်နှင့် စစ်ဖြစ်ပါက မိမိတို့တွင် အပြစ်မရှိကြောင်းလည်း မြန်မာအစိုးရကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးကာ တရုတ်သမ္မတ ဟူကျင်းတောင်ထံ အိမ်ဖွင့်ပေးစာ တစောင်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပေးပို့ခဲ့သေးသည်။

မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီ ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ် အလုပ်သမားတဦး သေဆုံးခဲ့ကာ ယာယီ အဆောက်အအုံ အချို့လည်း ပျက်စီးခဲ့သည်။ အစိုးရဘက်က တာပိန်ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA ယာယီစခန်းကို ဇွန်လ ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းရာက ဇွန် ၁ဝ ရက်နေ့တွင် အစိုးရတပ်များနှင့်  ကချင်တပ်များ တိုက်ခိုက်စတင်ဖြစ်ခဲ့ကြရာ ယခုထိ ပြေလည်မှု မရသေးပေ။

မြန်မာ-တရုတ် အစိုးရများ အနေဖြင့် နှစ်နိုင်ငံအကျိုး မျှော်မြင်၍ အသက်အိုးအိမ်များကို အန္တရာယ်ပြုနိုင်မည့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားလိုကြမည်ဟု ယုံကြည်ကြောင်းနှင့် အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးကို ရှေ့ရှုလျက် သက်ဆိုင်သူ အားလုံးက စီမံကိန်းအား ပြန်လည် သုံးသပ်၍ မလိုအပ်သော အကျိုးဆက်များကို ရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တိုက်တွန်းထားသည်။

စီမံကိန်းအတွက် တံတားများ တည်ဆောက်ရာ၌ ရေတိုက်စားခြင်းနှင့် သောင်ထွန်းခြင်း ပြဿနာများကို ထည့်သွင်း မစဉ်းစားခဲ့သည့် အတွက် ရေတိုက်စားခြင်းနှင့် သောင်ထွန်းမှုများ ဖြစ်ပေါ်နေကြောင်း၊ နွေရာသီတွင် သွားလာရေးခက်ခဲမှုနှင့် သောက်သုံးရေ ခပ်ရန် ခက်ခဲမှုများ ဖြစ်နေခြင်းမှာ ဆယ်စုနှစ်များပင် ရှိခဲ့ပါပြီဟုလည်း မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေသည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆည်စီမံကိန်းများ အောက်ဖက် ဧရာဝတီမြစ်ကြောင်း တလျောက်နေသူ ပြည်သူတွေအတွက် ရေကြောင်းပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာရဖွယ် ရှိနေတယ် ဟု မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဖြေကြားခဲ့သည်။

မြစ်ဝှမ်းဒေသများတွင် ဆယ်စုနှစ်အတွင်း စက်ရုံ၊ အလုပ်ရုံများ တိုးပွားလာခြင်းနှင့် ရွှေတူးဖော်ခြင်းများကြောင့် ဧရာဝတီလင်းပိုင် အပါအဝင် ရှားပါးငါးမျိုးများ ရှင်သန်မှုကို ထိခိုက်ရကာ မြစ်ကို မှီခိုနေသူများအတွက် သောက်သုံးရေနှင့် အစားအစာအတွက်မှာ လုံခြုံကင်းမဲ့နေသည်။

ပို၍အရေးကြီးသည့်ပြဿနာမှာ မြစ်ရေစီးအားနည်းပါးခြင်းကြောင့် မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသများ၌ ပင်လယ်ဆားငန်ရေ ဝင်ရောက်မှု ပိုမိုကျယ်ပြန်လာခြင်းကြောင့် ဆန်စပါးထုတ်လုပ်မှု ထိခိုက်ကာ ဆန်အဓိက စားသုံးနေသည့် ပြည်သူတရပ်လုံးကို ထိခိုက်လာကြောင်းနှင့် ဆန်တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြားဝင်ငွေ ထိခိုက် ကျဆင်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားသည်။

ဧရာဝတီမြစ်နှင့် ဆက်စပ် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အတတ်ပညာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာအလုံးစုံကိုလည်း အားလုံး ပူးပေါင်းခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Source : Mizzima Burmese
Photo : Irrawaddy

Thursday, August 11, 2011


ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်သော နိုင်ငံခြားသားဧည့်သည် ၆,၀၀,၀၀၀ ကျော် ၀င်ရောက်နိုင်ဖွယ် ရှိကြောင်း ပုဂ္ဂလိကခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောသည်။
“အစိုးရပိုင်းကတော့ ငါးသိန်းလောက် လာမယ်လို့ ခန့်မှန်းတယ်။ ကျွန်တော်တို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ မှန်းထားတာ ခြောက်သိန်း ကျော်နိုင်တယ်”ဟု Myanmar Tourism Board (MTB) ဒုဥက္ကဋ္ဌဦးလှ မောင်ရွှေက ပြောသည်။
လတ်တလော အနေအထားအရ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားမှုမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြင့် တက်လာပြီး ခရီးသွားကုမ္ပဏီများ၏ website များသို့ဝင်ရောက်ကြည့် ရှုလေ့လာမှုမှာ နှစ်သန်းကျော်အထိ မြင့်တက်လာကြောင်း နာမည်ကြီး ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပာသည်။