Saturday, July 26, 2014

ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူအတွက် ဗိုလ်တထောင်ရေပေါ်ဟိုတယ် သတိပေးခံရ

ဧည့်သည်ကိုကြိုဆိုနေသော ဗိုလ်တထောင်ရေပေါ်ဟိုတယ်မှဝန်ထမ်းများ

ဗိုလ်တထောင်ရေပေါ် ဟိုတယ်တွင် ပုံမှန်ဟိုတယ်ဝန် ဆောင်မှုများထက်လွန်ကဲပြီး ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သောအပြုအမူများလုံးဝရပ်တန့်ရန် ဟိုတယ်တာဝန်ရှိသူများကို ဟိုတယ်/ခရီးဝန်ကြီးဌာနကခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိ သည်။

ဟိုတယ်ခရီးဝန်ကြီးဌာနမှ လိုင်စင်ယူပြီး ဆောင်ရွက်နေသော ဟိုတယ်များအားလုံး ရေပေါ်ဟိုတယ်ကဲ့သို့ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာသင်တန်းကျောင်း တွင် ပို့ချသောဝန်ဆောင်မှုထက်ပိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀န်ဆောင်မှုမျိုး ကို မပြုလုပ်ရန် ဇူလိုင် ၂၅ ရက်ညနေတွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

လှလှပပကုမ္ပဏီပိုင် Vintage Luxury Yacht Hotel (ရေပေါ်ဟိုတယ်)မှဝန်ထမ်းများ  ဧည့်သည်ကို ကြိုဆိုရာတွင် ဒူးထောက်ကြိုဆို သည့်ဝန်ဆောင်မှုပေးနေသည့်ပုံ ကို Agoda ခရီးသွားဝက်ဘ်ဆိုက် တွင် ဟိုတယ်ကြော်ငြာအဖြစ် လွှင့်တင်ခဲ့ရာမှ ယင်းပုံစံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်ဟု ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။

ဇူလိုင် ၂၄ ရက်က ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်ပြီး ယင်းဟိုတယ်သို့ သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့သည် ဟု ဝန်ကြီးဌာနမှသတင်းထုတ်ပြန် ခဲ့သည်။

ဟိုတယ်ကဝန်ဆောင်မှုပေး ရာတွင် ၁၉၂၀ ပြည့်ဝန်းကျင်က ဥရောပနိုင်ငံများ၌ ဘုရင်နှင့် မိဖုရားများကို ဒူးထောက်အရို အသေ ပေးသော King and Queen Service ကိုဝန်ထမ်းများအား လေ့ကျင့်ပေးပြီး ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် စီစဉ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သတင်း ရရှိသည်။

ဇူလိုင် ၂၅ ရက်တွင် ဟိုတယ်တာဝန်ရှိသူများကို နေပြည် တော်ဟိုတယ်/ခရီးဝန်ကြီးဌာန သို့ခေါ်ယူတွေ့ဆုံခဲ့ပြီး ယင်းဝန် ဆောင်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေပေးသောအမူအရာမျိုးဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ထက်ပိုသောဝန်ဆောင်မှုမျိုးကို ဆောင်ရွက်ရသည်မှာ အဆင် မပြေဖြစ်ခြင်းကြောင့် ယင်းဝန်ဆောင်မှုမျိုးကို ရပ်ဆိုင်းရန် သတိပေးခဲ့သည်။

‘‘ဝန်ကြီးဌာနပိုင်းကနေ ဟို တယ် တာဝန်ရှိသူတွေခေါ်ပြီး တော့ပြောတာပါ။ အခု မလုပ် တော့ဖို့။ နောက်လုပ်မယ်ဆိုရင်လည်း အရေးယူသွားမယ်ဆိုပြီး တော့သတိပေးတာပါ’’ဟု ဟို တယ်/ခရီးဝန်ကြီးဌာနမှတာ ဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဝန်ဆောင်မှုမှာ ဟို တယ်တွင်အထွေထွေမန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သော အီတလီလူမျိုး Mr.Aless ၏တစ်မူ ထူးကဲသောဝန်ဆောင်မှုဖြစ်ပြီး ယခုအခါ Mr.Aless သည် အလုပ်ထွက်သွားပြီဟုဆိုသည်။

ထို့အပြင် ယင်းဟိုတယ်၏ အလုပ်ရှင်အလုပ်သမား သဘော တူစာချုပ်တွင်လည်း သုံးလ မပြည့်မီအလုပ်ထွက်ပါက ကျပ် သိန်း ၁၀၀ လျော်ရမည်ဆိုသော အချက်များ၊ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်ခြင်းကိုခွင့်မပြုဘဲအလုပ်ထုတ်မည့်အပြင် ဟိုတယ် သို့နှစ်ဦးစလုံးကကျပ် သိန်း ၁၀၀ ပေးလျော်မည်စသည့် အချက်များကိုမကျေနပ်၍ အလုပ်သမားအချို့ စာချုပ်မချုပ်မီ အလုပ်ထွက် ခြင်းများရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေပေါ်ဟိုတယ်ရှိ တာဝန်ရှိသူများ ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ ရာ တာဝန်ယူဖြေကြားပေးခြင်း မရှိခဲ့ဘဲ ယင်းကိစ္စကို လတ်တလော တွင် ဖြေကြားပေးသွားမည်မ ဟုတ်ဟု ပြောကြားသည်။
 

Source : 7 Day News

Friday, July 25, 2014

ဘန်ကောက် အဲဝေး ချင်းမိုင်-ရန်ကုန်-မန္တလေး တိုက်ရိုက် ပျံသန်းမည်

ထိုင်း ပုဂ္ဂလိကပိုင် ဘန်ကောက် အဲဝေး (Bangkok Airways) လေကြောင်းလိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန် နှင့် မန္တလေးမြို့များသို့ တိုက်ရိုက် ပျံသန်းပြေးဆွဲရန် စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက် အဲဝေး ၏ ချင်းမိုင်- ရန်ကုန် – မန္တလေး သို့ ပျံသန်းပြေးဆွဲမည့် ခရီးစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင် မည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်အရ စီစဉ်ပျံသန်းခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ခရီးစဉ် အရ ချင်းမိုင်- ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ခရီးစဉ် ၄ ခု ၊ ချင်းမိုင်- မန္တလေး ခရီးစဉ်ကို တပတ်လျှင် ၃ ခု ပျံသန်းပြေးဆွဲမည်ဟု သိရသည်။ ခရီးစဉ်အတွက် လေယာဉ် လက်မှတ်နှုန်းထားများကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။
တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ် ၃ ခု အတွက် ဘန်ကောက်အဲဝေးက ခရီးသည်ဦးရေ ၇၀ တင်ဆောင်နိုင်သည့် ATR-72 turboprop လေယာဉ်များကို အသုံးပြုမည် ဖြစ်ပြီး ခရီးသည် ပိုမိုများပြား လာပါက ဂျက်လေယာဉ်များဖြင့် အဆင့်မြှင့်သွားရန် စဉ်းစားထား သည်ဟုလည်း ယင်းဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။
ဘန်ကောက် အဲဝေးသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ အပတ်စဉ် ပြေး ဆွဲ လျက်ရှိသည်။
ချင်းမိုင်နှင့် ရန်ကုန်သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် အဖြစ် လက်ရှိတွင် ဦးတေဇပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်း က ပြေးဆွဲလျက်ရှိပြီး၊ လာမည့် လအနည်းငယ် အတွင်း ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ ဖြစ်သည့် အဲကမ္ဘောဇ နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ချင်းမိုင်-ရန်ကုန် တိုက်ရိုက် ပြေးဆွဲမည်ဟု သိရသည်။
ချင်းမိုင်မြို့သို့ တိုးချဲ့ပျံသန်းမည့် ခရီးစဉ်တွင် ထိုင်းနှင့် လာအိုနိုင်ငံ နယ်စပ်မြို့ ဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း အူဒုံထနီမြို့လည်း ပါဝင်မည်ဟု ဆိုသည်။

Irrawaddy

Wednesday, June 25, 2014

အိန္ဒိယ- မြန်မာ ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော် ဘတ်စ်ကား ဝန်ဆောင်မှု သဘောတူ လက်မှတ်ထိုး

အိန္ဒိယနှင့် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းစေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားပြေးဆွဲမည့် အစီ အစဉ် နားလည်မှု စာချွန်လွှာကို နောက်ဆုံး အဆင့် သဘောတူ လက်မှတ်ထိုးကြကြောင်း အိန္ဒိယ ပို့ဆောင်ဆက် သွယ် ရေး ဝန်ကြီးဌာနက ကြေညာချက်ကို ကိုးကားကာ ဘနားမားသတင်းတွင်ဖော်ပြထားသည်၊ ၅၇၉ ကိုလိုမီတာ ကွာ ဝေး သည့် မဏိပူ ပြည်နယ်မြို့တော် အင်ဖာနှင့် မန္တလေးတို့ကို ၁၄ နာရီကြာ မောင်းနှင်ကာ ပြေးဆွဲမည့် ဘတ်စ်ကား လိုင်းဖြစ် ပြီး၊  လာမည် အောက်တိုဘာလတွင် စတင်နိုင်ဖွယ် ရှိကာ ၂ နိုင်ငံ ခရီးသည် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေး နှစ်ဘက်ကမ်းလှမ်းမှုများရှိကြောင်းလည်း သိရသည်။

Source : Irrawady

Monday, June 23, 2014

ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်

ဗိဿနိုးမြို့ဟောင်းရှိ ရှေးဟောင်းသုတေသန တူးဖော်မှုကုန်းတစ်ခု (ဓာတ်ပုံ −ancientpyucities.com)
ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အ ဖြစ် ယူနက်စကိုက သတ်မှတ် လိုက်သောကြောင့် ရှေးဟောင်း မြို့များ ထိန်းသိမ်းရန် ငွေကြေးနှင့် နည်းပညာအကူအညီများ ပိုမိုရရှိ လာမည့်အပြင် စီးပွားရေးအခွင့် အလမ်းများစွာ ဖန်တီးနိုင်တော့ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်များကပြောသည်။
ပျူမြို့ဟောင်း သုံးမြို့ဖြစ် သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် (World Hertiage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်း ပနေသော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီ လာခံ၌ ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထောက်ခံချက်ဖြင့် ပျူမြို့ ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်အဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ရှေးဟောင်းယဉ်ကျေးမှုနယ် မြေများစွာရှိသော်လည်း ယူနက် စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်အဖြစ်အသိအမှတ်ပြုခံရမှုမှာ ပျူမြို့ဟောင်းသုံးမြို့သည် ပထမ ဆုံးဖြစ်သည်။
ယူနက်စကိုက ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဟု အသိအမှတ် ပြုလိုက်ပြီးနောက် ယင်းအခြေ အနေကို အသုံးချ၍ အစိုးရအနေဖြင့် စီးပွားရေးအခွင့်အလမ်း ကောင်းများ ဖန်တီးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အခြေခံ၍ စီးပွားရေးအခွင့်အလမ်းများ အကောင်အထည်ဖော်နိုင်သော ကြောင့် နိုင်ငံအတွက် ကောင်းမွန် နိုင်ကြောင်း သမိုင်းပညာရှင်များ က ပြောသည်။
‘‘မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအများစုက ယဉ်ကျေးမှု ကို အခြေခံပြီး စီးပွားရေးကောင်း ကောင်းလုပ်လို့ရတယ်။ ဒေသခံ တွေ အကျိုးရှိစေတဲ့ စီးပွားရေးကို အခြေခံရင် ထိန်းသိမ်းရေးလုပ် ငန်းမှာ ဒေသခံတွေ ပူးပေါင်းပါ ၀င်လာနိုင်တယ်။ အရင်းရှင်တွေ ကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် တော့ သူတို့တွေပူးပေါင်းပါဝင်မှု အားနည်းလာလိမ့်မယ်’’ဟု  သမိုင်း ပညာရှင် ဦးစိုင်းအောင်ထွန်းက ပြောသည်။
‘‘ဒီလို သတ်မှတ်ခံရခြင်း ကြောင့် မြန်မာနိုင်ငံကို ရိုးရိုးအ ပျော်ခရီးလာရောက်လည်ပတ်တဲ့ ကမ္ဘာ့လှည့် ခရီးသည်များအပြင် အရည်အသွေးမြင့်တဲ့ကမ္ဘာ့ခရီး သည်တွေ လာရောက်ကြလိမ့် မယ်။ ဒီရှေးဟောင်းနေရာတွေကို လာရောက်သုတေသနလုပ်မယ့် ပညာရှင်တွေ စတဲ့အများကြီးရောက်လာနိုင်တယ်’’ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ ဒေါ်စံပယ်အောင်ကပြောသည်။
ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာမြို့ဟောင်း သုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေး အကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။
‘‘ဒီကိစ္စက ခရီးသွားလုပ်ငန်း အတွက်ကောင်းတဲ့ အချက်ပဲ။ အခုဆို ပုဂံမှာဆိုရင် လူတွေက ပြုပြင်တာတွေ လွန်ကဲနေတော့ ဟန်လင်းတို့လိုမျိုး အခွင့်အရေး မရခဲ့ဘူး။ ကမ္ဘောဒီးယားက အန် ကောဝပ်ကျောင်းဆိုရင် ဒီလို အမွေအနှစ်စာရင်းဝင်သွားတော့ သူနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက တက်လာတာကို တွေ့ရတယ်’’ ဟု ဒေါ်စံပယ်အောင်ကသုံးသပ် ပြောသည်။
‘‘ပျူမြို့ဟောင်း သုံးမြို့ကိုရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအတွက် အလွန်အမင်းကို အရေးပါလှပါတယ်။ ရွေးချယ်မှုကဒီမြို့တွေကို သင့်တော်မှန်ကန်စွာနဲ့ သေချာစောင့်ရှောက်ထိန်းသိမ်းဖို့ အာမခံပေးမှာဖြစ်ပါတယ်။ မိတ်ဖက်နိုင်ငံတွေဆီက ရန်ပုံငွေတွေနဲ့ ယူနက်စကိုဘက်က ပူးပေါင်းဆောင်ရွက်ပေးမှုကို မျှော်လင့်သင့်ပါတယ်။ ဒီလိုရွေးချယ်ခံရခြင်းဟာ မြန်မာမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာများစွာထဲမှာ ပထမဆုံး ဖြစ်သင့်ပါတယ်။ ပုဂံနဲ့ ရွှေတိဂုံတို့ကတော့ ယူနက်စကိုစာရင်းမှာပါဖို့ တင်သွင်းခဲ့ဖူးတာ အထင်အရှားပဲပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ယူနက်စကိုစာရင်းမှာအတွင်းဝန်ရုံးပတ်လည် နေရာမျိုး၊ ရန်ကုန်မြို့လယ်က နေရာမျိုးလည်း ပါစေချင်ပါတယ်’’ ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ပျူမြို့ဟောင်း သုံးခုသည် ပထမမြန်မာနိုင်ငံ၏ အမှတ်အ သားတစ်ခုဖြစ်သော်လည်း နိုင်ငံ ရေးအခြေအနေကြောင့် ကမ္ဘာ တွင် ဒဏ္ဍာရီဆန်ဆန်ရှိခဲ့ရာမှ ယခုကဲ့သို့ ယူနက်စကိုက အသိ အမှတ်ပြုခြင်းသည် မြန်မာသမိုင်း အစကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပြီး ပျူမြို့ဟောင်းသုံးခုသည် ကမ္ဘောဒီးယားနိုင်ငံရှိ ယူနက်စကို အသိအမှတ်ပြုထားသည့် အန်ကောဝပ် ဘုရားကျောင်းထက် ပို၍ ရှေးကျကြောင်း စာရေးဆရာ ဆရာချစ်စံဝင်းကပြောသည်။
ပျူမြို့ဟောင်း သုံးခုကို ကမ္ဘာက အသိအမှတ်ပြုလိုက် ခြင်းကြောင့် မြို့သုံးခုထိန်းသိမ်း ရေးအတွက်ငွေကြေးရန်ပုံငွေများ နှင့် နည်းပညာများရရှိနိုင်သော ကြောင့် ပြုပြင်ရာတွင် သမိုင်း အထောက်အထားများ ပျောက် ပျက်နိုင်မည်မဟုတ်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။  ယခင်က ယူနက်စကိုနှင့် အလှမ်း ဝေးခဲ့သောကြောင့် ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ပြုပြင်ခဲ့ရာ ပုဂံတွင် ရှေးဟောင်းလက္ခဏာများပျက် ယွင်းခဲ့သည်များ ရှိခဲ့သော်လည်း ပျူမြို့ဟောင်းသုံးခုသည် ပုဂံကဲ့ သို့ ဖြစ်ပေါ်လာနိုင်တော့မည်မ ဟုတ်ကြောင်း ဆရာချစ်စံဝင်းက ပြောသည်။
‘‘အခုဆို ပျူမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ်ဝင်သွားပြီ။ ကျွန်တော်တို့တွေ အားလုံး ပူးပေါင်း ပြီး ပျူယဉ်ကျေးမှု အမွေအနှစ် တွေကိုလည်း ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားရမယ်။ မြန်မာကို ကမ္ဘာ့က သိလာပြီး နိုင်ငံအတွက်လည်း ဂုဏ်ရှိသလို ဒေသခံတွေအတွက်လည်း များ စွာအကျိုးဖြစ်ထွန်းလာမယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်ကျော်ကဆိုသည်။
‘‘အရေးကြီးတာက ဒီရွေး ချယ်မှုက ဒီပျူမြို့ဟောင်းတွေကိုဘဏ္ဍာရေးနဲ့ နည်းပညာပိုင်းထောက်ပံ့မှုရဖို့နဲ့ ဒီမြို့တွေကို သေချာထိန်းသိမ်းသွားဖို့ ရည်ရွယ်ချက်တွေကို ဖြစ်လာစေမှာပါ။ နောက်အရေးကြီးတာကလည်း ဒါဟာ မြန်မာပြည်ကနေ ယူနက်စကိုစာရင်းမှာ မကြာမီထပ်ပါမယ့်နေရာတွေရှိလာမှာရဲ့ အစပဲ ဖြစ်သေးတယ်ဆိုတာပါ။ ပုဂံမှာလို အခြားရှေးဟောင်းနေရာတွေမှာ လုပ်ခဲ့တဲ့ ခေတ်သစ်အဆောက်အအုံ ပစ္စည်းတွေနဲ့ ရှေးအဆောက်အအုံတွေ ရောထားတာမျိုးအမှားတွေကို အနာဂတ်မှာ ကျွန်တော်တို့ ရှောင်ရပါမယ်’’ ဟု ဒေါက်တာသန့်မြင့်ဦးက သုံးသပ်ပြောကြားသည်။
ပျူမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာ ပျူမြို့ဟောင်း သည် ပျူခေတ်ယဉ်ကျေးမှု အ ထွန်းကားဆုံးမြို့ဟောင်းဖြစ်ပြီး ကုန်သွယ်မှု၊ ယဉ်ကျေးမှုလက်ရာ များ၊ စေတီ၊ မြို့ရိုး၊ ရုပ်ပွားတော် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်သည်။ ရွှေဆံတော် ဘုရား၊ ဘုရားကြီးဘုရား၊ ဘုရား မာဘုရား၊ ဘောဘောကြီးဘုရား၊ ရဟန္တာဂူဘုရားနှင့် မြို့ရိုးနှစ် ထပ်၊ တံခါးပေါက်ဝများစသည် တို့မှာ ပျူခေတ်ကို အခိုင်အမာ ဖော်ပြနိုင်ခဲ့သည်။
ဟန်လင်းပျူမြို့ဟောင်းမှာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ ခြင်းကို မြေပြင်တွင် ဖော်ပြရန် အားနည်းချက်များရှိသည်ဟု ထင်ခဲ့ သော်လည်း ICOMOS မှ လာ ရောက်စစ်ဆေးသည့်အခါ ဟန် လင်းမြို့ဟောင်းမှာ မြေအောက် တွင် ပျူခေတ်ယဉ်ကျေးမှုများ ထွန်းကားမှု အခိုင်အမာရှိခဲ့ ကြောင်း သိရပြီး ယခုအခါပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
မြန်မာအစိုးရက ၁၉၉၄ အောက်တိုဘာလတွင် ပျူရှေးမြို့ ဟောင်းသုံးမြို့အပါအ၀င်မြောက်  ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေးဒေသ၊ အင်းဝဒေသနှင့် ဟံသာဝတီရှေး ဟောင်းနေရာနှင့် သဘာဝနေရာ ရှစ်ခုကို ယူနက်စကိုသို့ အဆိုပြု တင်သွင်းခဲ့သည်။
ယင်းရှစ်ခုအနက် မြို့ပြယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့ခြင်း၊ထေရ၀ါဒဗုဒ္ဓဘာသာအစောဆုံး ရောက်ရှိထွန်းကားခဲ့ခြင်း၊ အရှေ့ တောင်အာရှဒေသတွင် အစော ဆုံးထွန်းကားခဲ့သော ရှေးမြို့ ဟောင်းအဖြစ် ထင်ရှားစွာကြွင်း ကျန်ခဲ့ခြင်း၊ ပုဂံခတ်အား အနုပညာလက်ရာယဉ်ကျေးမှုအဆင့် မြင့်မားစွာပေါက်ဖွားလာအောင် မျိုးစေ့ချထားပေးနိုင်ခဲ့ခြင်းတို့၏ အကောင်းဆုံး ပြယုဂ်ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများအား စာ ရင်းတင်သွင်းရန် ၂၀၀၈ခုနှစ်က တည်းက စတင်ဆောင်ရွက်ခဲ့ခြင်း  ဖြစ်သည်ဟု အစိုးရကထုတ်ပြန် သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ တွင် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရန်အတွက် ယူနက်စကိုနှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ မန္တလေးမှ ကျောက်စာ ပေါင်း ၇၂၉ ချပ်ရှိသော မဟာလောကမာရဇိန် စေတီကုသိုလ်တော် ဘုရားများကိုယူနက်စကိုက ကမ္ဘာ့မှတ်တမ်းစာရင်း (Mem-ory of the World) ၀င်အဖြစ် ၂၀၁၃ ခုနှစ်က သတ်မှတ်ခဲ့သည်။
Source : Seven Day Daily News

Thursday, May 29, 2014

မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

မန္တလေး၊ မေ ၂၇

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား အများစုမှာ တရုတ်လူမျိုးများ ဖြစ်ပြီး အချို့မှာ သတ္တုတွင်းများ၊ ရွှေတွင်းများတွင် နေထိုင်ကြကာ အချို့မှာ မန္တလေးမြို့ပေါ်တွင် နေထိုင်ကြ ကြောင်း အဆိုပါ တရားမဝင်နေထိုင်သူ များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူသကဲ့သို့ ပြစ်မှုဆိုင်ရာ ဥပဒေများ ဖြင့်လည်း အရေးယူကြောင်း၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို တရားစီရင်ခြင်း အတွက် မည်သည့်နိုင်ငံ ကမှ ကြားဝင် ဆောင်ရွက်ခွင့် မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ် ပြောကြားသည်။

"မြို့လယ်ခေါင် ရွှေဖြူပလာဇာ ပေါ်မှာ မြန်မာစကား မတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ၄ လွှာ၊ ၅ လွှာ၊ ၆ လွှာ တွေမှာ တရုတ်တွေချည်းပဲ။ ဒီတရုတ် တွေကို မြန်မာနိုင်ငံသား ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာက စိစစ်သင့်တယ်" ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဦးဇော်ဇော်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား တစ်ဦး နေထိုင်သည်ကို တွေ့ရှိရပြီး ၄င်းကို ဗီဇာ စည်းကမ်းဖောက်ဖျက်မှု၊ မီးပေါ့ဆမှုတို့ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရှိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံသား ၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ဥပဒေ မလိုက်နာမှုဖြင့် အရေးယူခဲ့ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ရကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရထံ ဆက်သွယ်မေးမြန်းချက် အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်ကျော် ရှိပြီး အဆိုပါ တစ်ထောင်ကျော်တွင် တရုတ်နိုင်ငံသား ၉၀၀ ကျော်ပါဝင်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ခန့်မှန်း ပြောဆိုထားသည်။

Source : The Voice Weekly