စစ်ကိုင်းခရိုင် မြောင်မြို့ ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးသည် မြန်မာနိုင်ငံ အထက်ပိုင်း ဘုရားဖူးခရီးစဉ်များတွင် မန္တလေးမြို့ နှင့်အနီးတစ်ဝိုက်၊ စစ်ကိုင်းတောင်၊ ကောင်းမှုတော်၊ ကံတလူဘုရားများ၊ ဘုရားဖူး ခရီးစဉ်တွင် ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးသို့ ၀င်ရောက်ပြီး အဓိဋ္ဌာန်ဝင်ကြသည့် ခရီးစဉ်လည်း ပါဝင်လာကြောင်း သိရသည်။
အလောင်းတော်ကဿပ၊ ဖိုလ်ဝင်တောင်၊ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဖူး ခရီးစဉ်တွင် မုံရွာ-မန္တလေး ကားလမ်းမမှ မြောင်မြို့သို့ (၇)မိုင်ဟူသော လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ကား၊ ဆိုင်ကယ်၊ ထွေလာဂျီများနှင့် ရောက်ရှိနိုင်သော နေရာတစ်ခု ဖြစ်သည်။
ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးကြီးကို ၂၀၀၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ဘိုးမင်းခေါင် ကိုယ်ပွားပုံတော်အတွက် ကျောက်ဖျာရှာရင်း တူးဖော် ရရှိခဲ့ကြောင်း၊ အရှည် ၆၅ ပေရှိ အင်ကြင်ကျောက်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးသန်းခန့် အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့သော ပရိုင်းမိတ် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသီများ ခန့်မှန်းချက်အရ သိရှိရပါသည်။
ကျောက်နဂါးကြီးမှာ အနောက်မှ အရှေ့သို့ တွားသွားနေဟန် သဘာဝအတွန့် ခုနစ်တွန့် ပါရှိပြီး မိမိလာရာလမ်းကြောင်းကို သုံးသပ်သည့် ဟန်ဖြင့် ဦးခေါင်းနောက်ပြန်လှည့် ကြည့်သည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။
ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ နေ့စဉ်လာရောက် အဓိဋ္ဌာန်ဝင်ကြကြောင်း၊ သီရိလင်္ကာ၊ တရုတ်(တိုင်ပေ)၊ သြစတြေးလျ၊ အမေရိကန်နှင့် ယူနန် ပြည်တို့မှ ကမ္ဘာလှည့် ခရီးသည်များ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ် တွဲ လာရောက် လေ့လာကြကြောင်း သိရှိရသည်။
Source : News-Eleven


No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.