ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၁၀၀ ၀န်းကျင်ခန့် နေထိုင်ကျက်စားလျက် ရှိကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသန တစ်ရပ်အရ သိရှိရပါသည်။
ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီလင်းပိုင် အများအပြား ရှိခဲ့သော်လည်း ယခုအခါ ကောင်ရေတစ်ရာခန့်သာ ကျန်ရှိနေတော့ကြောင်း၊ ယင်းအတွက် အဆိုပါ လင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်သွားရန်ရှိကြောင်း လည်း သိရှိရသည်။
လင်းပိုင်များသည် ကမ္ဘာ့ရှားပါးစာရင်းဝင် ရေနေသတ္တ၀ါ တစ်မျိုး ဖြစ်ရာ လင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ် မသွားစေရေး အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မှ ဒီဇင်ဘာလအတွင်းက ၁၀ ရက် ကျော် သုတေသန ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
အဆိုပါ ခရီးစဉ်တွင် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် အခြား မြို့နယ်များရှိ မြစ်ချောင်းများသို့ သွားရောက်လေ့လာခဲ့ရာ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်နှင့် ကုဏ္ဏားကျွန်းမြို့နယ်များရှိ မြစ်ချောင်းများတွင် လင်းပိုင်များ နေထိုင်ကျက်စားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ယင်းအပြင် ထိုခရီးစဉ်သည် ဧရာဝတီလင်းပိုင်များ ပျံ့နှံ့နေထိုင်ခြင်းကို အဓိကထား လေ့လာခဲ့သော ခရီးစဉ် ဖြစ်သဖြင့် ယခုတွေ့ရှိခဲ့မှုများကို မှတ်တမ်းတင် ထားခဲ့ပြီဖြစ်ရာ လိုအပ်သော ဆောင်ရွက်ချက်များကိုလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ ထို့အပြင် ယင်း လင်းပိုင်များအပေါ်တွင် ကျရောက်လျက်ရှိသော အန္တရာယ်များဆိုင်ရာ အချက်အလက်များကိုလည်း လေ့လာ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ အရင်က ငါးဖမ်းထွက်ရင် အမြဲတွေ့ရတယ်။အခုတော့ အရင်လို အတွေ့ရ နည်းလာတယ်။ လင်းပိုင်တွေကို ဘေးမဲ့ပေးထားတာ သိကြပေမယ့် တချို့ကတော့ ဖမ်းဆီး သတ်ဖြတ်ကြတာ နေမှာပေါ့ဗျာ။ ဒါ ပေမယ့် အခုတော့ လင်းပိုင်နဲ့ပတ်သက်ပြီး အသိပညာတွေလည်း အတိုင်းအတာတစ်ခုထိ ရှိနေကြပြီ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် ဖမ်းဆီးတာတွေ လုပ်ကြတော့မှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်''ဟု ရေလုပ်သားတစ်ဦး ပြောကြားခဲ့ပါသည်။
ဧရာဝတီလင်းပိုင်များသည် ရေလုပ်သားအား အကျိုးပြုသော ငါးများဖြစ်သည့်အပြင် လွန်စွာယဉ်ပါးသော သတ္တ၀ါတစ်မျိုးလည်း ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း ဧရာဝတီလင်းပိုင်များ အမြောက်အမြား ရှိလာခဲ့လျင် ယင်းတို့ နေထိုင်ကျက်စားရာ နေရာ များသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်လာနိုင်ခြေ ရှိကြောင်းလည်း ဧည့်လမ်းညွှန် အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
Source : News-Eleven

No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.