Sunday, October 20, 2019

ကမ်းသာယာဆည်သို့တစ်ခေါက်

ကမ်းသာယာဆည်အလှ
Bicycle Trip Topic လေးတွေမရေးဖြစ်တာကြာပြီ ယခုတစ်ခေါက် Sunday မနက်ပိုင်းမှာတော့ အသွားအပြန် 34 ကီလိုမီတာလောက်သာဝေးတဲ့ ကမ်းသာယာဆည်ကို တစ်ကိုယ်တော်ပဲ မိမိရဲ့ စက်ဘီးလေးနဲ့ သွားရောက်ခဲ့ပါတယ်။ စောစောသွားဖို့ ကြိုးစားပေမယ့် မနက် 6 နာရီ 10 လောက်မှစထွက်ဖြစ်ပါတယ်။ ဆည်ပေါ်ကို ပထမဆုံးအကြိမ်သွားတာဖြစ်လို့ ဆည်ကိုသွားတဲ့လမ်းခွဲမလိုက်မိပဲ တည့်တည့်ဆက်သွားမိလို့
စိုက်ခင်းထဲရောက်သွားသေးတယ်။ ‌လမ်းမရှိတော့မှ ပြန်လှည့်လို့ လမ်းကြောင်းမှန်ရောက်မှ ဆည်ပေါ်ရောက်ပါတော့တယ် ဒါတောင်လမ်းမှာ နွားတစ်ကောင်က ကန့်လန့်လုပ်နေတာ ကြုံခဲ့ရပါသေးတယ်။
ကမ်းသာယာဆည်သို့ အသွားလမ်းတစ်နေရာ

ကမ်းသာယာဆည် သဘာဝရှုခင်းများနှင့်အတူ
ဆည်ပေါ်ရောက်တဲ့အခါမှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ သဘာဝအအလှအပလေးတွေစတင်ခံစားရပြီး ကန်ရေပြင်ကိုတိုက်ခတ်လာတဲ့ လေ‌ပြေလေညှင်းလေးကြောင့်လည်း အမောပြေ‌စေတာ အမှန်ပါပဲ။ ဆည်ပေါ်ကနေ ပင်လယ်ပြင်ကျယ်ကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်ပြီး တောင်တန်းပြာကြီးနဲ့ သစ်ပင်သစ်တောတွေနဲ့ လှပပြီး တည်ငြိမ်နေတဲ့ ဆည်ရေပြင်ကြီးဟာလည်း ခံစားချက်တစ်မျိုးကို ပေးစွမ်းစေနိုင်မှာပါ။ ဆည်ပေါ်မှာတော့ လူသူကင်းရှင်းပြီး တစ်ယောက်တည်းလွတ်လပ်စွာ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ လူပြတ်ပေမယ့် လုံခြုံရေးကောင်းချက်ကတော့ဗျာ ဆည်ပေါ်ရောက်ပြီး 10 မိနစ်မပြည့်သေးဘူး လူတစ်ယောက်ဆိုင်ကယ်နဲ့ သေနပ်တစ်လက်လွယ်ပြီးရောက်လာပါတော့တယ် ဆည်ရဲ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့သူတစ်‌ယောက်ပါ။ ပြုံးပြလို့နှုတ်ဆက်ပြီး ဓါတ်ပုံလေးတစ်ပုံလောက် ရိုက်ပေးဖို့ခွင့်တောင်းတော့ ကူညီပြီးရိုက်ပေးပါတယ်။ မိုးကုန်စဖြစ်ပြီး ဆည်ထဲမှာရေပြည့်နေလို့ လှေစီးပြီး ဆည်အတွင်းပိုင်းထဲအထိ လှေနှင့် လည်လို့ရပါတယ်။ လှေတစ်စင်းကလဲ ကမ်းနားမှာ အဆင်သင့်ပါ ကျနော်တော့ ရေမကူးတတ်လို့ လှေနှင့် ဆက်မသွားခဲ့ပဲ ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
တည်ငြိမ် နေသာကန်ရေပြင်အလှ
ကန်ရေပြင်အလှနှင့်အပြိုင် မိမိ၏အချစ်တော် LGS
ဆည်‌ပေါ်က ပြန်အဆင်းမှာတော့ အရှိန်လေးနဲ့ ဆင်းကောင်းပေမယ့် ရွှံ့နဲ့ကျောက်ကြမ်းရောထားတဲ့ လမ်းနဲ့ ကန့်လန့်ခံနေတဲ့နွားရယ်ကြောင့် သတိထားပြီး ထိန်းဆင်းခဲ့ရပါတယ်။ ဒီခရီးတိုလေးမှာတော့ သဘာဝအလှတွေရှုမြင်ခံစားနိုင်မယ့်အပြင် တောင်ဆင်းလမ်းနဲ့ Off-road ကျောက်ခင်းလမ်းတွေမှာ စီးရတဲ့ အတွေ့အကြုံကောင်းတွေ ရရှိနိုင်မှာပါ။ အပြန်ခရီးမှာတော့ မနက် 8 နာရီဖြစ်လို့ နေအနည်းငယ်ပူလာလို့ Teashop ဝင်ပြီး နံနက်စာစားလို့ ယနေ့အတွက် ခရီးစဉ်အဆုံးသတ် ခဲ့ပါတော့တယ်။

Thanks
*LMM

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.