Sunday, July 12, 2020

သိုင်းကျွန်းသို့စက်ဘီးခရီးတစ်ခါက်

သိုင်းကျွန်းရွာအဝင်နားစေတီတော်ရှိရာလမ်း
ဒီတစ်ပါတ် Sunday မနက်မှာ အလုပ်ကိစ္စတစ်ခုနဲ့ စက်ဘီးစီးထွက်ခဲ့ပါတယ်။ ယခင်စီးနေကျလမ်းကြောင်းအတိုင်းပဲစီးဖြစ်တာပါ။ အလုပ်ကိစ္စပြီးလို့ ရတနာမြိုင်က Teashop လဖ္ဘည့်ရည်ကျစိမ့်လေးသောက်ပြီး အပြန်မှာ သိုင်းကျွန်းရွာကို အသစ်ဖောက်ထားတဲ့လမ်းကြောင်းတစ်ခုကို စီးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရာသီဥတုက‌လည်း အုံ့မှိုင်းမှိုင်းလေးနဲ့ ကိုယ့်ဘက်မှာရှိနေတာကိုး။ ယခင်ကဖြတ်သွားတိုင်း ဒီလမ်းကိုတစ်ခေါက်လောက်သွားစီးဖို့စိတ်ကူးဖြစ်ပေမယ့် မဝင်ဖြစ်ပါဘူး။ ယခုအကြိမ်မှသာ တကယ်‌ရောက်ဖြစ်ပါတော့တယ်။
တောင်ပေါ်ရှုခင်းလေးနှင့်
ရိုးမနောက်ခံလမ်းအလှ
စေတီတော်တည်ထားရာကျောက်တောင်ပေါ်မှရှုမျော်ခင်း
ဟိုင်းဝေးလမ်းကနေ ချိုးဝင်လိုက်တာနဲ့ ကုန်းတက်နဲ့စတိုးတာပါပဲ။ လမ်းကကျောက်ခင်းလမ်းဆိုပေမယ့် 93 ထုတ် Vintage ဘီးလေးနဲ့အတော်လေးတော့ရုန်းလိုက်ရပါတယ်။ ကုန်းအဆင်းမှာလည်း ရှည်လျှားပြီး အရှိန်များတာကြောင့် လမ်းကွေ့မှာ စလစ်ဖြစ်မှာစိုးလို့ အတော်လေး သတိထားရပါသေးတယ်။ တောင်ကုန်း၂ ကုန်းလောက်‌အတက်အဆင်းပြီးတော့ ရွာကိုလှမ်းမြင်‌နေရပါပြီ။ဒီရွာကို တစ်ခါမှမရောက်ဖူးပေမယ့် လာကြည့်လိုက်တာမမှားပါဘူး သဘာဝရှုခင်းတွေ၊ တောတောင်နောက်ခံလယ်ကွင်းတွေနဲ့ တကယ့်ကိုသာယာလှပါတယ်။ ရွာအဝင်လမ်းမရောက်ခင် ကျောက်တောင်ပေါ်မှာတည်ထားတဲ့ စေတီတစ်ဆူကိုလည်း သပ္ပါယ်စွာဖူး‌‌တွေ့ရပါတယ်။
ကျောက်ကလပ်စေတီတော်
ကျောက်ကလပ်စေတီတော်
ကျောက်တောင်ကုန်းပေါ်မှရှုခင်းအချို့
ရွာထဲခဏဝင်ပြီးအပြန်မှာ မိုးပေါက်အနည်းငယ် ကျလာလို့ စေတီနားက ဆောက်လက်စ ဇရပ်တစ်ခုမှာမိုးဝင်ခိုရင်း ကျောက်တောင်ပါ်ကစေတီကို တက်ဖူးဖြစ်ပါတယ်။ ကျောက်တောင်ပေါ်မှာတည်ထားတာဖြစ်လို့ ‌စေတီတာ်ထားရာကျောက်တောင်ပေါ်ကနေမြင်ရတဲ့ရှုခင်းတွေကလည်းလှပါတယ် ရွာဝင်လမ်းမကြီးနှင့်အတူ လမ်းဘေးဝဲယာလယ်ကွင်း‌တွေကို စိမ်းစိုလှပစွာ အပေါ်စီးကတွေ့မြင်ရပါတယ်။ တခြားတစ်ဖက်မှာတော့ ရိုးမတောင်တန်းကြီးအလှကို တောင်ခိုးတွေ ဝေဝါးစွာနဲ့လှမ်းမြင်ရပါတယ်။ မှတ်မှတ်ရရဖြစ်သွားတာကတော့ ပုံကောင်းလေးတွေရဖို့ Nokia ဖုန်းကမရာ‌လေးနဲ့ ကြိုးစားရင်း အတော်တဆလွတ်ကျလို့ ဖုန်းမှန်ကွဲသွားတာပါပဲ။
ရွာအဝင်လမ်း
ရွာအဝင်လမ်းမှကြိုဆိုနေသူ
အချစ်တော် ဘီးလေးနှင့် ရွာအဝင်ရှုခင်း
ဒီလိုနဲ့မိုးတိတ်သွားလို့ လာရာလမ်းအတိုင်းပြန်ခဲ့ရင်း မိုးတွင်းကာလမှာစက်ဘီးစီးလို့ကောင်းမယ့်လမ်းကြောင်းသစ် တစ်ခုအကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။
ရိုက်ဖြစ်ခဲ့တဲ့မိမိရဲ့အမှတ်တရပုံ

လင်းမောင်မောင်

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.