Saturday, July 18, 2026

Kamezuka Kofun ရှေးဟောင်းဂူသင်္ချိုင်း

ဂျပန်နိုင်ငံ၊ အိုအီတာစီရင်စု (Oita Prefecture) ကိုဒုတိယအကြိမ် ရောက်ခဲ့ရာမှာ စိတ်ဝင်စားဖွယ် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်နေရာတစ်ခု ဖြစ်သည့် Kamezuka Kofun (亀塚古墳) ဂူသင်္ချိုင်းနှင့် ပြတိုက်ရှိရာကို သွားရောက် လေ့ဖြစ်ခဲ့ပါတယ်။ တောင်ကုန်းပေါ်ရှိ တိတ်ဆိပ်ငြိမ်သက်‌နေသည့် တောအုပ်လေးအတွင်းမှာ တည်ရှိနေပြီး ပထမဆုံးဝင်ပေါက်မှာ ပြတိုက်တခုကိုတည်ဆောက်ထားပါတယ်။ ပြတိုက်ဘေးလမ်းလေးအတိုင်းလျှောက်လာရင်း မြင်လိုက်ရသည့်အခါ သာမန်မြက်ခင်းကုန်းတစ်ခုလို ထင်ရသော်လည်း၊ ထိုမြေကုန်းအောက်တွင် နှစ်ပေါင်း ၁,၆၀၀ ကျော် သက်တမ်းရှိ ရှေးခေတ်ဂျပန်၏ အင်အားကြီးခေါင်းဆောင်တစ်ဦး၏ သမိုင်းဝင် ဂူသင်္ချိုင်းတစ်ခု တည်ရှိနေပါတယ်။

Kamezuka Kofun သည် အေဒီ ၅ ရာစုအစောပိုင်း၊ Kofun ခေတ်တွင် တည်ဆောက်ခဲ့သော သော့ပေါက်ပုံစံ ရှေးဟောင်းအုတ်ဂူ (Zenpō-kōen-fun) ဖြစ်ပြီး အိုအီတာစီရင်စုတွင် အကြီးဆုံး Kofun များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ အုတ်ဂူ၏ အလျားမှာ ၁၁၆ မီတာ ခန့်ရှိပြီး ထိုခေတ်တွင် ဤမျှကြီးမားသော အုတ်ဂူတည်ဆောက်နိုင်ခြင်းမှာ အလွန်မြင့်မားသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအာဏာကို ပိုင်ဆိုင်ခဲ့ကြောင်း ပြသနေပါတယ်။

သမိုင်းပညာရှင်များ၏ အမြင်အရ Kamezuka Kofun သည် Ama (海部) သို့မဟုတ် Kaifu မျိုးနွယ်စု၏ အင်အားကြီး ခေါင်းဆောင်တစ်ဦး၏ အုတ်ဂူဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ Ama မျိုးနွယ်စုသည် ရှေးခေတ်ဂျပန်တွင် ပင်လယ်ရေကြောင်းသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရေတပ်အင်အား တို့ဖြင့် ကျော်ကြားခဲ့သော မျိုးနွယ်စုဖြစ်ပြီး၊ Bungo Channel တစ်ဝိုက်ရှိ ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်ခဲ့သည့် အင်အားကြီးဒေသခံအုပ်ချုပ်သူများ ဖြစ်ကြသည်။

Kamezuka Kofun ကဲ့သို့ ကြီးမားသော သော့ပေါက်ပုံစံ အုတ်ဂူများကို ထိုခေတ်က ဂျပန်အလယ်ပိုင်းကို အုပ်ချုပ်ခဲ့သည့် Yamato မင်းဆက်နှင့် နီးစပ်သော ခေါင်းဆောင်များအတွက်သာ ဆောက်လုပ်လေ့ရှိကြသည်။ ထို့ကြောင့် Kamezuka Kofun ၏ ပိုင်ရှင်သည် Yamato အာဏာပိုင်များနှင့် နိုင်ငံရေး၊ စစ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကောင်းမွန်ခဲ့သည်ဟု ယုံကြည်ကြသည်။ ၁၉၉၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်ရှေးဟောင်းသုတေသန တူးဖော်မှုများအရ—ကျောက်ဖြင့် ပြုလုပ်ထားသော သင်္ချိုင်းအခန်း၊ Haniwa (ဟနီဝါ) မြေထည်ရုပ်တုများ၊ အလှဆင်ပစ္စည်းများ၊ သံလက်နက်များ၊ မှန်များနှင့် အဖိုးတန်ရှေးဟောင်းပစ္စည်းများကို တွေ့ရှိခဲ့ပြီး၊ ထိုတွေ့ရှိချက်များက အုတ်ဂူပိုင်ရှင်၏ အဆင့်အတန်းမြင့်မားမှုကို သက်သေပြ‌နေပါတယ်။

ကျွန်တော်ဓတ်ပုံရိုက်ထားသည့် ဆိုင်းဘုတ်များမှာလည်း အုတ်ဂူ၏ တည်ဆောက်ပုံ၊ သင်္ချိုင်းအခန်းဖွဲ့စည်းပုံ၊ Haniwa များနှင့် တူးဖော်တွေ့ရှိခဲ့သော ပစ္စည်းများကို အသေးစိတ် ဖော်ပြထားပါတယ်။ "Kame" (亀) သည် လိပ် ဟု အဓိပ္ပာယ်ရပြီး "Tsuka" (塚) သည် အုတ်ဂူ သို့မဟုတ် မြေကုန်း ဟု ဆိုလိုသည်။ အုတ်ဂူ၏ ပုံသဏ္ဌာန်သည် လိပ်ခွံတစ်ခုကဲ့သို့ မြင်တွေ့ရသောကြောင့် Kamezuka (လိပ်ကုန်းအုတ်ဂူ) ဟု အမည်ပေးထားခြင်း ဖြစ်ပါတယ်။

ခရီးသွားတစ်ယောက်အနေဖြင့် ခံစားမိတာက ဒီနေရာကို လာရောက်လေ့လာတဲ့အခါ တိတ်ဆိတ်ငြိမ်သက်တဲ့ မြက်ခင်းပြင်ကြားမှာ နှစ်ပေါင်း ၁,၆၀၀ ကျော် သက်တမ်းရှိတဲ့ သမိုင်းအမွေအနှစ်တစ်ခုကို မျက်စိရှေ့မှာ မြင်တွေ့ရတာက အလွန်အံ့ဩစရာကောင်းလှပါတယ်။ အပြင်ပန်းမှာ ရိုးရှင်းတဲ့ မြေကုန်းတစ်ခုလိုသာ ထင်ရပေမယ့်၊ အတွင်းမှာတော့ ရှေးဂျပန်ခေါင်းဆောင်တစ်ဦးရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အာဏာသင်္ကေတတွေကို သိမ်းဆည်းထားတဲ့ အဖိုးတန်အမွေအနှစ်တစ်ခု ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို စိတ်ဝင်စားသူများ၊ သမိုင်းလေ့လာသူများနဲ့ စက်ဘီးဖြင့် အိုအီတာဒေသကို လည်ပတ်မယ့် ခရီးသွားများအတွက် Kamezuka Kofun ဟာ မဖြစ်မနေ ဝင်ရောက်လေ့လာသင့်တဲ့ သမိုင်းဝင်နေရာတစ်ခုလို့  အကြံပြုလိုပါတယ်။

တခါတရံမှာတော့ သမိုင်းဆိုတာ ပြတိုက်ထဲမှာပဲ မဟုတ်ပါဘူး။ မြက်ခင်းစိမ်းစိမ်းတွေ အောက်မှာလည်း နှစ်ပေါင်းထောင်ချီတဲ့ အတိတ်ကာလတွေ ငြိမ်သက်စွာ အိပ်စက်နေတတ်ပါတယ်။ Kamezuka Kofun က အဲဒီလို နေရာမျိုးတစ်ခုပါ။

Saturday, February 14, 2026

Osamaicho Suwa ရှင်တိုဘုရားကျောင်း

ကျွန်တော် Kuji မြို့ကိုရောက်တဲ့အခါ အနီးအနားမှာ စိတ်ဝင်စားစရာ လည်ပတ်နိုင်တဲ့နေရာတချို့ကို Google maps မှာရှာကြည့်ရင်း Suwa Park အနီးအနားက သစ်သားနဲ့ဆောက်လုပ်ထားတဲ့ တိုရီးခိ (ဝင်ပေါက် ဗိမာန်တံတား) ကိုတွေ့တဲ့အခါ သွားရောက်ဖြစ်ခဲ့ပါတယ်။ ဒီနေရာက Suwa Park အနီးနား‌လေးမှာပါ။ တကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့ရင်း တောင်ခြေကဟောင်းနွမ်း‌ဆွေးမြေ့နေတဲ့ မုဒ်ဦးဝနှင့် ကျောက်တုံး ၂တုံးပေါ်မှာ ကဗျည်းထိုးထားတဲ့‌နေရာကိုရောက်ရှိခဲ့ပါတယ်။ မုဒ်ဦးဝကနေတောင်ပေါ်တက်တဲ့ လှေခါးအတိုင်း ဆက်တက်လာတဲ့အခါ တောင်ပေါ်ထင်းရှူးတောအုပ်ထဲမှာ ပန်းခြံငယ်လေးနှင့် အပန်းဖြေနားခိုနိုင်မည့် နေရာတချို့ရှိပြီး တောင်ပေါ်ကနေ Kuji Bay ကိုလှမ်းမြင်ရတဲ့ လှပတဲ့ရှုခင်းတွေကို တွေ့မြင်ရပါတယ်။

ပန်းခြံငယ်လေးကနေ ထင်းရှူးပင်တွေကြားမှာ တောင်ကုန်းအပေါ်ကို ဆက်သွားလို့ရတဲ့ လမ်းပြေပြေလေးတွေ့တာနဲ့ ဆက်ပြီးလျှောက်သွားကြည့်လိုက်တဲ့အခါ လမ်းအဆုံးမှာ ကြီးမားတဲ့ပင်စည်တွေနှင့် မြင့်မားတဲ့ထင်းရှူးပင်တွေကြားက မြေကွက်လပ်တခုမှာ ‌သစ်သားဖြင့်ဆောက်လုပ်ထားတဲ့ ရှေးဟောင်းကျောင်း‌ဆောင်တခုကို အမှတ်မထင်တွေ့မြင်လိုက်ရပါတယ်။

Sunday, December 21, 2025

Oita မြို့မှ Yokozuka Tenmangu ဘုရားကျောင်း

Oita မြို့က Yokozuka Tenmangu ဘုရားကျောင်း ကိုသွားရောက်‌ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းတည်နေရာက အေးချမ်းငြိမ်သက်သည့် ပတ်ဝန်းကျင်မှာ တည်ရှိပြီး၊ အနီးအနားမှာ တောတောင်နှင့် သစ်ပင်များဖြင့် တိတ်ဆိတ်အေးချမ်းလှပါတယ်။ ဒီဘုရားကျောင်းမှာကိုးကွယ်သည့် နတ်ဘုရားက Sugawara no Michizane ဖြစ်ပြီး ပညာရေး၊ စာပေ၊ အနုပညာနှင့် ရိုးဖြောင့်ခြင်းတို့၏ နတ်ဘုရား ဖြစ်ပါတယ်။ 

ဒီဘုရားကျောင်းက Oita ဒေသတွင်း သက်တမ်းရင့် Tenmangu ရှေးဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ တိကျသော တည်ထောင်သည့်ခုနှစ်ကို မှတ်တမ်းမရှိပေမယ့် ဒေသအစဉ်အလာအရ Heian ခေတ် (794 - 1185) ကတည်းက တည်ရှိခဲ့တယ်လို့ယူဆကြပြီး ၁၈၇၃ ခုနှစ်တွင် ရွာဘုရားကျောင်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

Sunday, April 21, 2024

ရိုးမထဲမှရွာလေးသို့ Adventure ခရီး

Photo: LMM

Off-road မစီးဖြစ်တာကြာနေလို့ တစ်ခါမှမစီးဖြစ်သေးတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး Adventure ဆန်ဆန် 45 kilo Solo စီးဖြစ်ခဲ့တယ်။ မနက်စောစောထပြီး အလင်းရောင်စပေါ်ခါစမှာ စက်ဘီးနဲ့ စထွက်ခဲ့ပြီး ဂျိုင်ကောက်ရွာမှာ မနက်စာဝင်စားပြီးမှ ခရီးဆက်ခဲ့ပါတယ်။ ရန်ကုန်-သံတွဲလမ်းမပေါ်ကနေ ဆားချက်ရွာကိုသွားတဲ့ ရွာလမ်းအတိုင်း Off-road လမ်းကို စစီးခဲ့ပါတယ်။

Sunday, December 03, 2023

ပီလခတ် ဟိန္ဒူဘုရားကျောင်းသို့တစ်ခေါက်

ယခုတစ်ခေါက်တော့ ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ကျေးရွာမှာတည်ရှိတဲ့ ပီလခတ်ဘုရားကျောင်းကို အသွားအပြန် 78km ခရီးခရီးစဉ်လေး စီးဖြစ်ခဲ့ပါတယ်။ မနက်စောစော ၅နာရီခွဲလောက် အိပ်ယာထပြီး စုရပ်ကနေပြီး ရန်ကုန်ကနေ သန်လျှင်ကျောက်တန်းကို အမှတ် (၁) တံကားအတိုင်းဖြတ်ပြီး စီးနင်းခဲ့ပါတယ်။ သီလဝါလမ်းဆုံနားက ရတနာလင်း လဖ္ဘည့်ရည်ဆိုင်မှာ ခဏနားလို့ လဖ္ဘည့်ရည်သောက်ပြီး ကျောက်တန်းကို ဆက်လက်စီးနင်းခဲ့ပါတယ်။ ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ် စေတီတော်ကို တစ်ဘက်ကမ်းကနေပဲ ဦးတိုက်ကန်တော့ပြီး ဆိုင်တစ်ဆိုင်မှာ ခတ္တခဏနားပါတယ်။ ရေလယ်ကတိုက်ခတ်လာတဲ့ လေအေးလေးတွေကလည်း အမောပြေလန်းဆန်းစေပါတယ်။ အနားယူပြီးတဲ့နောက်မှာတော့ ပီလခတ်ဘုရားကျောင်းရှိရာကို ဆက်လက် ခရီးဆက်ခဲ့ကြပါတယ်။

Friday, October 27, 2023

ရန်ကုန် - ငါးသိုင်းချောင်း - ကမ်းသာယာ စက်ဘီးခရီး

26.10.2023 (Day 1)

ယခင်ကတည်းက စီးဖို့ကြံရွယ်ထားတဲ့ ရန်ကုန် - ရခိုင် ကမ်းသာယာကို စက်ဘီးခရီးသွားဖြစ်ခဲ့ပါတယ်။ မနက် ၅ နာရီမှာ တစ်ယောက်တည်း အိမ်ကစထွက်ခဲ့ပြီး လှိုင်သာယာကိုအရောက်မှာ ဂေါ်ရင်ဂျီကိုစီးကြမယ့် ကိုထွန်းထွန်းနဲ့ အဘဦးခင်စိုးတို့နဲ့ဆုံတွေ့ခဲ့လို့ အတူစီးခဲ့ကြပါတယ်။အဘခင်စိုးက အသက် ၇၄ ထဲရောက်နေပေမယ့် တော်တော်လေး စီးနိုင်ပါတယ်။

Sunday, July 16, 2023

ဒါးပိန်(ထားရ်ပိန်း) မြို့လေးသို့ အလည်တစ်ခေါက်

ယခုတစ်ခေါက်မှာတော့ ရန်ကုန်တိုင်းထဲက ဒါးပိန်မြို့လေးဆီကို အသွားအပြန် 86.5 Km ခရီးအကွာအဝေး စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ ဒါးပိန်မြို့လေးသည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်၊ ပဲခူး မီးရထားလမ်းပေါ်နှင့် ပဲခူးမြစ်၏အနောက်ဘက်အရပ် အနောက် ဘက်ကမ်းမှ တမိုင်ခန့်အကွာ ပဲခူးမြစ်ပေါ်ရှိ သပြုရွာကြီးနှင့် တဘက်ကမ်းအနောက်အရပ် မျက်နှာချင်းဆိုင်ရန်ကုန် လေးထောင့်ကန်၊ အင်းတိုင်၊ အမှတ်(၂) မော်တော်ကား လမ်းမကြီးပေါ်ရှိ ဆားတလင်းကျေးရွာ မှအရှေ့ဆူးဆူး မော်တော်ကားလမ်းမိုင်အရ လေးမိုင်အကွာမှာ တည်ရှိပါတယ်။

Sunday, March 26, 2023

မှော်ဘီ ပန်းတစ်ပွင့်တောင်

ရန်ကုန်ရောက်တုန်း ပန်းတပွင့်တောင်ကို သူငယ်ချင်းရဲ့စက်ဘီးစီးအဖွဲ့နှင့်အတူ လိုက်ပါ စီးနင်းဖြစ်ခဲ့ပါတယ် ၈မိုင်မှာ မနက်၆ နာရီစထွက်ကြဖို့ ချိန်းထားပေမယ့် အိမ်ကစထွက်တော့ နောက်ကျပြီ။ အတူစီးမယ့် သူငယ်ချင်းနဲ့အဖွဲ့က မင်္ဂလာဒုံ ရွှေပုလ္လင်မှာ စောင့်နေကြလို့ အမှီလိုက်ခဲ့ရပါတယ်။ ရွှေပုလ္လင်မှာ မနက်စာစားကြပြီးမှ အားလုံးအတူ စထွက်ခဲ့ကြတယ်။ လမ်းမှာမနားတော့ပဲ ပန်းတစ်ပွင့်တောင် ရောက်တဲ့အထိကို နင်းခဲ့ကြပါတယ်။ မှော်ဘီ‌က‌နေ ဝါးနက်ချောင်းကိုသွားတဲ့လမ်းခွဲက‌နေ 15 km လောက်ဆက်သွားတဲ့အခါ အတိုင်းသွားတဲ့အခါ ပန်းတစ်ပွင့်တောင်‌‌ဘုရားကို ရောက်ခဲ့ကြပါတယ်။ ပြည်လမ်းပေါ်ကနေ ဝါးနက်ချောင်း လမ်းခွဲကတော့ ကွန်ကရစ်လမ်းဖြစ်ပြီး ပန်းတစ်ပွင့်တောင်သွားရာလမ်းမှာ ရော်ဘာတောတွေ၊ မြေနီလမ်း‌လေးတွေကြောင့် သာယာလှပပါတယ်။ ပန်းတစ်ပွင့်တောင်ကနေ ဖူးကြီးဆည်ကို ဆက်သွားမယ်ဆို သိပ်မဝေးတော့ပါဘူး။ မြို့ပြကနေ ခေတ္တထွက်ပြီး အပန်းဖြေလို့ကောင်းမယ့် နေရာလေးပါ။

Sunday, March 19, 2023

ဘုတ်စီးပြီးသွားခဲ့တဲ့ ရာဇဝင်ထဲကမြို့လေးသို့ စက်ဘီးခရီးစဉ်

ဒီတစ်ပါတ် Sunday မှာ ရန်ကုန် ကနေ သန်လျင် - ကျောက်တန်းဘက်ကို စက်ဘီးစီးဖြစ်ခဲ့ပါတယ်။ မနက်စောစော အိမ်ကထွက်လာတုန်းကတော့ Solo ပဲစီးဖြစ်တာပါ။ ဟိုးအရင်တစ်ခေါက်တုန်းကတော့ သန်လျင်ကို အမှတ်(၂)တံတားဘက်ကစီးခဲ့ဖူးတော့ ဒီတစ်ခေါက်မှာ တခြားလမ်းကနေစီးမယ်ဆိုပြီး ပန်းဆိုးတန်းဆိပ်ကမ်းကို စက်ဘီးစီးသွားကာ Yangon Innovation Center မှာ သန်လျင်တဘက်ကမ်းက Star City ကိုသွားတဲ့ Star Ferry လက်မှတ် ဖြတ်လိုက်ပါတယ်။ လက်မှတ်ခကတော့ 3000 ကျပ်ပါ။ အချိန်စောနေသေးလို့ Breakfast ထွက်စားပြီး Yangon Innovation Center ကိုပြန်ရောက်တဲ့အခါမှာ ကိုယ့်လိုပဲ စက်ဘီးစီးအဖွဲ့တချို့လည်း ဘုတ်စီးဖို့စောင့်နေကြပါပြီ။

Sunday, February 26, 2023

ထောက်ကြံ့စစ်သင်္ချိုင်း

ဒီနေ့တော့ မနက်စောစော ထောက်ကြံ့စစ်သင်္ချိုင်းကို Solo စီးဖြစ်ခဲ့တယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာတော့စက်ဘီးသမား မတွေ့ခဲ့ရပေမယ် ပြည်လမ်းပေါ်ရောက်တဲ့အခါမှာတော့ စက်ဘီးစီးအဖွဲ့‌တချို့ စီးနေကြတာတော့ တွေ့ခဲ့ရတယ်။ ထောက်ကြံ့စစ်သင်္ချိုင်းအရောက်မှာ ကိုယ့်ထက်အရင်ရောက်နှင့်နေကြတဲ့စက်ဘီးသမားတွေနဲ့ စည်ကားလို့နေပါတယ်။


အပြင်မှာသာ စည်ကားနေပေမယ့် စစ်သင်္ချိုင်းအတွင်းထဲမှာတော့ တိတ်ဆိတ်အေးချမ်းလို့နေပါတယ်။ ဒီထောက်ကြံ့စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သား ၆၃၇၄ ယောက်ကို မြုပ်နှံထားသော စစ်သင်္ချိုင်းကြီးဖြစ်ပြီး ထိုအထဲမှ ၅၂ ဦးမှာ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ ဖြစ်ကြပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သော ဓနသဟာယနိုင်ငံများမှ စစ်သား ၂၇၀၀၀ ၏ အမည်များကို ရေးထိုးထားပါတယ်။ အာရှမှာရှိတဲ့ စစ်သင်္ချုင်းများထဲမှာ အလည်အပတ်များသော စစ်သင်္ချိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်္ချိုင်းရဲ့ ထူးခြားချက်က လက်ဝါးကပ်တိုင်အတွင်းထဲမှာ ဓါးအစစ်တစ်ချောင်းကို ထည့်သွင်းမြှုပ်နှံထားပြီး အဆောက်အဦးဆောက်လုပ်ရာမှာ အသုံးပြုထားတဲ့ ကျောက်တုံးများကို အိန္ဒိယကနေ သင်္ဘောနဲ့သယ်ယူပြီး ဆောက်လုပ်ထားတာပါ။

Sunday, July 31, 2022

ကမ်းခြေပတ်လမ်းသို့


ဒီတစ်ပါတ် Sunday မှာတော့ ဂွချောင်းတံတားသစ်ကြီးကိုဖြတ်ပြီး ကမ်းခြေနံဘေးလမ်းအတိုင်း စီးဖြစ်ခဲ့ပါတယ်။ ဂွမရောက်ခင် ကိုရန်ကျော်မိုးနှင့် လမ်းမှာဆုံကြပြီး ဂွဈေးနားက လဖ္ဘက်ရည်ဆိုင်မှာ မနက်စာစားကြပြီးမှ ဂွတံတားကိုဖြတ်ကာ ကမ်းခြေပတ်လမ်းအတိုင်းစီးခဲ့ကြတာပါ။

Sunday, May 22, 2022

ဒီရေတောအလှနှင့် သိုင်းကျွန်း-မရမ်းကျွန်းသို့



 

ဒီနေ့မနက်ပိုင်းမှာ ယခင်စက်ဘီးစီးနေကျလမ်းကြောင်းအတိုင်းပဲ နံနက် ၅နာရီခွဲလောက် ရတနာမြိုင်ကို ထွက်လာခဲ့ပါတယ်။ ရတနာမြိုင်ကိုရောက်တော့ ၆နာရီခွဲခါနီးနေပါပြီ။ ယခင်ရွာနံမည်ကုလားပြင်ကို ရတနာမြိုင်ရွာလို့ပြောင်းထားပေမယ့်လည်း ကျောင်းနာမည်ကတော့ အထက ကုလားပြင် အနေနဲ့ပဲ ရှိပါသေးတယ်။ ကျောင်းရှေ့က လဖ္ဘည့်ရည်ဆိုင်မှာ နံနက်စာ ဆီထမင်းနဲ့ လဖ္ဘည့်ရည်သောက်ပြီး ခဏနားဖြစ်ပါတယ်။ ရတနာမြိုင်ကနေ ကျိန္တလီကိုဆက်စီးဖို့ စဉ်းစားထားပေမယ့် Off-road စီးချင်လို့ တခြားလမ်းကြောင်းကို ပြောင်းစီးဖို့ပဲဆုံးဖြတ်မိပါတယ်။ ဒီလိုနဲ့ Google Map လေးထုတ်ကြည့်တော့ အပြန်လမ်းကြောင်းလဲသင့်တဲ့ သိုင်းကျွန်း-မရမ်းကျွန်းကနေ ကူးတို့လေးကိုသွားတဲ့ လမ်းကြောင်းကို သွားတွေ့မိပါတယ်။ ဒါနဲ့ပဲ ဒီလမ်းအတိုင်းပဲ စီးပြီးပြန်မယ်ဆိုပြီး လဖ္ဘည့်ရည်ဖိုးရှင်းပြီး ထွက်လာခဲ့ပါတယ်။

Monday, January 24, 2022

ဂျိုလိမ်ရွာလေးသို့ စက်ဘီးခရီးလမ်း

 

တောင်ကုန်းပေါ်မှရှုမျှော်ခင်း

ယခုတစ်ပါတ် Sunday မှာ ဂွမြို့နယ်တွင်းက ရခိုင်ရိုးမအနီးရှိ ရွာတစ်ရွာဘက်ကို အသွားအပြန် 43km လောက်စီးဖြစ်ခဲ့တယ်။ ပုံမှန်ဆို ကိုရန်ကျော်မိုးနဲ့နှစ်ပါတ်တစ်ခါလောက်ဆုံပြီး အတူစီးဖြစ်ပေမယ့် ယခုတစ်ပါတ်မှာ ကိုရန်ကျော်မိုး မအားတာကြောင့် တစ်ယောက်တည်းပဲ စီးဖြစ်ခဲ့တယ်။ နံနက်ရောင်နီမလာမှီ ချမ်းချမ်းစီးစီးအိမ်ကစထွက်လာပြီး လမ်းခုလတ်က Tea Shop မှာ လဖ္ဘည့်ရည် ကျစိမ့်လေး တစ်ခွက်သောက်ပြီး နေစထွက်လာတာနဲ့ ဆက်စီးခဲ့ပါတယ်။

Sunday, November 07, 2021

ကျွန်တော်နှင့် သန်လျင်မြေ

ပေါ်တူဂီဘုရားကျောင်းဟောင်း
Syriam သို့မဟုတ် သန်လျင်၊ ကျွန်တော်ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သောမြေ။ အဖိုးနှင့်အဖွားတို့၏ ဇာတိမြေ။ အဖွား၏အိပ်ယာဝင်ပုံပြင် သန်လျင်မြို့အကြောင်းများထဲမှ ပါဒနိုင်ငံတော်နှင့် ကြခတ်ဝါးရုံမင်းသမီး အကြောင်း၊ ကျောင်းစာထဲမှ ရှင်မွေ့နွန်း မင်းနန္တာတို့၏ အချစ်ဇာတ်လမ်း၊ သမိုင်းထဲမှ နတ်ရှင်နောင်နှင့် ငဇင်ကာ၊ စာရေးဆရာ သန်လျင်မောင်မောင်ဦး ကြုံခဲ့ရသည့် ဆေးလုံးကြီးရွာအနီးမှ ကျက်ရွာ အဖွားငယ်စဉ်က တွေ့မြင်ခဲ့ရသည့် သိုက်ရှိသည့် ရှေး‌စေတီပျက် အက်ကွဲကြောင်းထဲမှ ထွက်လာသည်ဆိုသော ဘိုးသူတော်ကြီး စသည့် အကြောင်းအရာများက ကျွန်တော့်စိတ်နှလုံးထဲအထိ ဆွဲဆောင်ထား‌သည်။

Saturday, January 30, 2021

ပျူကျောက်စာလေ့လာရေးခရီး


လွန်ခဲ့သော ၁ နှစ်ခန့်က ဂွမြို့နယ်မှာ စက်ဘီးစီးလမ်းကြောင်းတွေကို စီးဖော်စီးဖက် ဝါသနာတူတချို့နှင့် စကားစပ်မိရင်း လင်းစတား ဆိုင်ကယ်ပြင်ဆိုင်မှ လွှမ်းမိုးနိုင်က ပန်းတော၊ တုံးတောရွာအနီးတွင် ပျူကျောက်စာရှိကြောင်း ထိုနေရာသို့ စက်ဘီးစီးခရီးဖြင့် သွားလို့ရကြောင်း ပြောပြရာ သွားရောက်ချင်စိတ်ဖြစ်ပေါ်လာလို့ အားလပ်ရက်တစ်ချို့မှာ သွားရောက် လေ့လာကြဖို့အတွက် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ခရီးသွားဖို့အစီအစဉ်မှာ အကောင်အထည်မပေါ်လာပဲ သွားမည့်နေ့ကို အားလုံးအဆင်ပြေနိုင်မည့် ရက်ကို နောက်ဆုတ်ထားရင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရောက်မှသာ ခရီးသွားဖို့အစီအစဉ်ကို တကျော့ပြန်စီစဉ်ဖြစ်ခဲ့ပါတယ်။

ယခုတဖန် ခရီးစဉ်တွင်လည်း ယခင်စက်ဘီးစီးဖော်များမှာ အလုပ်မအားလပ်သူနှင့် Home Stay ဝင်နေရသူနှင့် ခရီးသွားလာဖို့လွဲချော်ခဲ့ကြပါတယ်။ သို့သော် ကျွန်တော်နှင့်အတူ နောက်ထပ်စက်ဘီးစီး ဝါသနာတူအသစ် ၂ယောက် ယခုခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဇန်နဝါရီလသည် စက်ဘီးနှင့် ခရီးသွားရန်အတွက် အကောင်းဆုံးကာလ ဖြစ်သောကြောင့် ယခုလတွင် ခရီးစဉ်ကို မလွဲချော်လိုသဖြင့် ၂၀.၁.၂၀၂၁ ဗုဒ္ဓဟူးနေ့တွင် ပျူကျောက်စာလေ့လာရေး စက်ဘီးခရီးကို စတင်ခဲ့ကြပါတယ်။

Sunday, December 27, 2020

ရှေးဟောင်းသဘာဝငွေတောင်လှိုဏ်ဂူဘုရား

 

Beach View

ယနေ့ နံနက်ခင်းမှာ စက်ဘီးစီးရင်းရောက်ဖြစ်ခဲ့တာကတော့ ဝေးဝေးလံလံမဟုတ်တဲ့ ရှေးဟောင်းဆံတော်ရှင်ရွှေဘုံသာ စေတီတည်ထားရာငွေတောင်ကိုပါ။ ဂွ- သဲတွဲ ကားလမ်းနံဘေးမှာရှိပြီး ယခင်က အမြဲဖြတ်သွားဖြတ်လာရှိနေပေမယ့် ယခုတစ်ခေါက်တော့ ဂွမြို့နယ်မှာစက်ဘီးစီးရင်း လည်ပါတ်စရာ အထင်ကရ နေရာတစ်အခုအဖြစ် မှတ်တမ်းတင်လိုတာကြောင့် ယခုလိုရေးသားဖေါ်ပြလိုက်ပါတယ်။

Sunday, November 22, 2020

သဘာဝနှင့်လှနေသောကမ်းခြေ(သို့)ဇီးခုံ

ဇီးခုံကမ်းခြေနံနက်ခင်းအလှ

ယခုတစ်ပါတ် Sunday မှာ သဘာဝကမ်းခြေတစ်ခုဖြစ်တဲ့ ဇီးခုံကမ်းခြေကို မနက်စောစော စက်ဘီးစီးထွက်ဖြစ်ခဲ့ပါတယ်။ ဇီးခုံကမ်းခြေဟာ သဘာဝအတိုင်းလှပနေဆဲဖြစ်သလို တချို့နိုင်ငံခြားသားတွေ ငပလီကနေတကူးတက လာရောက်လည်ပတ်လေ့ရှိတဲ့ ကမ်းခြေတစ်ခုအဖြစ် နာမည်ကျော်ပါတယ်။ မနက်ပိုင်းစောစော စီးရတာဖြစ်လို့ ဆောင်းတွင်းရဲ့ အေးမြတဲ့ရာသီဥတုကိုခံစားရပေမယ့် စက်ဘီးစီးနေရတာကြောင့် အအေးဒဏ်ကိုသိပ်မခံစားရပါဘူး။

Sunday, September 20, 2020

တောတောင်အလှနှင့်ဆင်ကူးရွာစက်ဘီးခရီး

ကိုဗစ်ကာလမှာ စက်ဘီးမစီးဘဲလည်း မနေနိုင် လမ်းပေါ်လဲသိပ်မသွားချင် Off-road မစီးရတာလဲကြာပြီဆိုတော့ ယခုတခေါက်မှာ MTB လေးနဲ့ ရိုးမအနီးကနေသွားရတဲ့ ဆားချက် - ဆင်ကူး လမ်းကို Solo စီးဖြစ်သွားတယ်။ ဒီလမ်းကြောင်းကို ယခုမှစစီးတာဆိုတော့ Google Map ကြည့်တော့ လမ်းကြောင်းလည်းမထင်ရှား၊ မြေပြင်အနေအထားလည်းမသိပဲသွားရတာမို့ ကိုယ့်အတွက်တော့ အသစ်အဆန်းဖြစ်ပါတယ်။

Sunday, July 12, 2020

သိုင်းကျွန်းသို့စက်ဘီးခရီးတစ်ခါက်

သိုင်းကျွန်းရွာအဝင်နားစေတီတော်ရှိရာလမ်း
ဒီတစ်ပါတ် Sunday မနက်မှာ အလုပ်ကိစ္စတစ်ခုနဲ့ စက်ဘီးစီးထွက်ခဲ့ပါတယ်။ ယခင်စီးနေကျလမ်းကြောင်းအတိုင်းပဲစီးဖြစ်တာပါ။ အလုပ်ကိစ္စပြီးလို့ ရတနာမြိုင်က Teashop လဖ္ဘည့်ရည်ကျစိမ့်လေးသောက်ပြီး အပြန်မှာ သိုင်းကျွန်းရွာကို အသစ်ဖောက်ထားတဲ့လမ်းကြောင်းတစ်ခုကို စီးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရာသီဥတုက‌လည်း အုံ့မှိုင်းမှိုင်းလေးနဲ့ ကိုယ့်ဘက်မှာရှိနေတာကိုး။ ယခင်ကဖြတ်သွားတိုင်း ဒီလမ်းကိုတစ်ခေါက်လောက်သွားစီးဖို့စိတ်ကူးဖြစ်ပေမယ့် မဝင်ဖြစ်ပါဘူး။ ယခုအကြိမ်မှသာ တကယ်‌ရောက်ဖြစ်ပါတော့တယ်။

Sunday, April 12, 2020

တိမ်မြုပ်နေသောရှေးဟောင်းနယ်မြေ (သို့) ရွာကောက်ရ

 
ယခုတစ်ခေါက်တော့ သင်္ကြန်အကြိုနေ့လေးမှာ ကျိန္တလီမြို့နယ်ထဲက ရွာဟောင်းတစ်ခုဖြစ်သော ကောက်ရ ရွာဟောင်းက ရှေးဟောင်းစေတီတော်ပုထိုးတွေဆီကို စက်ဘီးစီးရင်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီခရီးက သိပ်မဝေးပေမယ့် အသွားအပြန် ၂ ကီလိုမီတာလောက်သွားခဲ့ရပါတယ်။ မနက် ၆ နာရီလောက်ကနေ အိမ်ကနေ စက်ဘီးနဲ့စထွက်ခဲ့ပြီး ရတနာမြိုင်မှာ မနက်စာအဖြစ် လဖ္ဘက်ရည်သောက်ခါ ခဏနားပြီး ကံ့ကော်တောင်ရွာကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ကံ့ကော်တောင်ရွာ စက်ဘီးလမ်းအကြောင်းကိုတော့ အရင်ပိုစ်တစ်ခုမှာ ရေးသားခဲ့ပြီးပါပြီ။